Wednesday, 23 May 2012

"အပယ်ခံရဲ့ ဆန္ဒ"



မိန်းမပျိုလေးတစ်ယောက်သည် သူပြောတဲ့စကားကို သူရဲ့မိဘတွေ အစ်ကိုအစ်မတွေက လိုလိုလားလား နားမထောင်ချင်ဖြစ်နေကြတာကို အရမ်းဝမ်းနည်းနေမိသည်။ မိသားစုရဲ့ကောင်းသည်ဆိုးသည်များကို သူလည်းပဲ အများနည်းတူ ပါဝင်ပြောဆို ဆွေးနွေးအကြံဥာဏ်ပေးချင်သည်။ ဒါပေမဲ့ ပြောခွင့်မရ။ သူကို နေရာမပေးကြ၊ အကယ်၍ ပြောမိချေသော် အမာန်သော်လည်းခံရမည်။ ဒါမှမဟုတ် သူ့စကားကို အရားမသွင်းပဲ နားမထောင်ပဲသော် ရှိချေလိမ့်မည်။ အတင်းမရမကလိုက်ပြောသော် သူ့စကားကို ကျန်တဲ့သူတွေက အင်းအင်းလောက်မျှပြောကာ ချောင်ထိုးထားချေလိမ့်မည်။ ဒီထက်တိုးပြီး ပြောမိလုပ်မိချေက အရိုက်သော်လည်းခံရမည်။ အကန်သော်လည်းခံရပေမည်။ ထိုထက်ဆိုးတာကိုလဲခံရပေမည်။ ကိုယ့်အလုပ်မဟုတ်တာကိုပြောရ လုပ်ရမလားဆိုပြီးတော့ အမာန်ခံအရိုက်ခံခဲ့ရပေါင်းလဲ များလှပြီ၊ အဲလိုအမာန်ခံအရိုက်ခံရတဲ့အခါတိုင်း ကိုယ်နဲ့မဆိုင်တာကို ၀င်ပြော ၀င်လုပ်တော့ ခံရပြီပေါ့ နည်းတောင်နည်းသေးတယ် ပြောချင်ဦးဟ၊ လုပ်ချင်ဦးဟလို့ လှောင်ပြောင်အပြစ်ပြောခြင်းကို ခံရပြန်သည်။  ထို့အတွက် သူမအရမ်းကို စိတ်မကောင်းဖြစ်နေမိသည်။ ငါပြောတာက ဘာများမှားနေလို့လဲ၊ ငါလုပ်တာကကော မိသားစုကို ဘာများထိခိုက်စေနေလို့လဲ။ ငါပြောတာတွေ ငါလုပ်တာတွေက တကယ်ပဲ သူတို့ပြောသလို အရေမရ အဖတ်မရတွေလား။ ဒါမှမဟုတ် ငါ့ကို သူတို့က ကလေးတစ်ယောက်ဟုသဘောထားပြီး ကလေးအတွေးပဲဆိုပြီး လျစ်လျူရှုထားကြတာလားဟု တွေးမိပြန်သည်။ နောက်ပြီး ပြောကြသေးတယ် မိန်းခလေးပဲ မိန်းခလေးလိုနေတဲ့၊ မိန်းခလေးဆိုတာနဲ့ ဒီလိုပဲအရာမသွင်းတော့ပြီလား၊ မိန်းခလေးဆိုတာနဲ့ သူ့မိသားစုကို မချစ်ရတော့ဘူးလား၊  သူ့မိသားစုရဲ့ ကောင်းကျိုးဆိုးကျိုးကို တိုင်ပင်ဆွေးနွေးပြောဆိုခွင့်မရှိတော့ပြီလား၊ ပါဝင်ဆောင်ရွက်ခွင့် မရှိတော့ပြီလား။
တကယ်ပဲကော ငါ့ပြောတာ ငါလုပ်တာတွေက ကလေးဆန်ပြီး တစ်ဘက်စောင်းနင်းဖြစ်နေလို့လား၊ မိန်းခလေးမို့ လိုရာဆွဲတွေးပြီး အတ္တလေးနဲ့ ပြောနေလုပ်နေမိလို့လားဟု မေးခွန်းပေါင်းများစွားထုတ်နေမိပြန်သည်။ ဘာပဲဖြစ်ဖြစ်ငါလည်း မိသားစုအရေးအတွက် စိတ်ပူစရာရှိရင် ပူရတာပဲ ၀မ်းသာစရာရှိပြန်တာ့လဲ ၀မ်းသာရတာပဲမဟုတ်လား၊ သေချာတာကတော့ သူ့မိသားစု ဒုက္ခရောက်ရင် သူပိုပြီးတော့ ဒုက္ခရောက်မယ် သူ့မိသားစု ဆင်းရဲတွင်းနက်ရင် သူအတွက်လဲ စားရမဲ့သောက်ရမဲ့ဖြစ်မှာထက် မိသားစုဂုဏ်သိက္ခာတွေကိုတောင် သူထိန်းသိမ်းပေးဖို့ခက်မယ်ဆိုတာ သူသိနေတယ်။ သူ့ကို မိသားစုအတွက် ဘာမှ ပူစရာမလိုဘူးလို့ မည်သူက ဘယ်လိုပင်ပြောပြော သူကတော့ စိတ်ပူနေမိတာအမှန်ပဲ။ မိသားစုဝင်တွေစိတ်ဆင်းရဲနေကြ သူများတွေအနိုင်ကျင့်တာ နှိမ်တာကို ခံနေကြရတာ ငါဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေနိုင်မှာလဲလို့ သူတွေးနေမိပြန်တယ်။ တစ်ချို့ကပြောကြတယ် အဲဒီလောက်လဲ ၀မ်းသာမနေပါနဲ့ဟယ် အဲဒါ နင်နဲ့လဲဘာမှမဆိုင်ဘူး နင်လဲဘာမှဖြစ်လာမှမဟုတ်ဘူး ဘာမှလဲနင်ရမှာမဟုတ်ဘူး ဘာဆိုတာကော နင်နားလည်ရဲ့လားဟု ငြင်းပယ်မှုပေါင်းများစွာ အထင်မြင်သေးမှုပေါင်းများစွာဖြင့် ဘယ်လိုပင်ဘေးစကားတွေ ကြားဝင်ပြောလာကြသော်လည်း မိသားစုဝင်တွေ ပျော်နေကြ၀မ်းသာနေကြရင် သူလည်း အားပါးတရ ပျော်နေမိသည်။
 သူရဲ့ပျော်ရွှင်မှု ၀မ်းနည်းမှုတွေအကုန်လုံးဟာ မိသားစုနဲ့ပတ်သက်လာရင် သူ့အလိုလိုကိုဖြစ်ပေါ်လာတော့တာပါပဲ၊ အဲဒီလို ဖြစ်တာဟာ အထူးဆန်းမဟုတ်ပါဘူး၊ အိမ်ရှေ့ပူရင် အိမ်နောက်ဖေးလဲပူတယ် အိမ်ရှေ့အေးတော့ အိမ်နောက်ဖေးလဲအေးတယ်တဲ့။ တကယ်တော့ အရှေ့တွေအနောက်တွေ မခွဲပဲ အိမ်ရဲ့ဘယ်နေရာကပူပူ တအိမ်လုံးပူပြီး တစ်နေရာရာက အေးရင် ကျန်တာတွေလဲ အကုန်အေးတယ်ဆိုတာကို သူကောင်းကောင်းသိနေသည်။ အဲဒီခံစားမှုတွေကြောင့်ထင်တယ် သူဟာ သူ့ကိုယ်ကိုယ်ကို ပိုပြီးတာဝန်ရှိတယ်လို့ခံစားမိလာပြန်တယ်။ တကယ်ပြန်တွေးပြန်တော့ မိသားစုအတွက် သူဘယ်လောက်လုပ်ပေးနိုင်မှာမို့လဲ၊ ကူညီရာမရောက်ပဲ ဒုက္ခပေးမိသလိုများဖြစ်နေမလား၊ အစ်ကိုအစ်မတွေပြောသလို မိသားစုအတွက် သူလုပ်ပေးနိုင်တာမရှိတာတော့ပြီလား၊ မိသားစုအတွင်း အရေးကိစ္စကြုံလို့ ပြောဆိုဆွေးနွေးနေကြရင် သူပါဝင်ခွင့်မရပေမဲ့ မိသားစုအတွက်ဆိုရင် သူ့အသက်ကိုတောင် နှမျောနေမှာမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ အခုလောလောဆယ်တော့ မိသားစု စားဝတ်နေရေးကို သူကူမလုပ်ပေးနိုင်သေးဘူး၊ မိသားစုအတွက် ၀င်ငွေကိုရှာမပေးနိုင်သေးဘူး၊ အ၀တ်လည်းမလျှော်ပေးနိုင်သေးဘူး ဒါပေမဲ့ လျှော်ပြီးလှန်းထားတဲ့အ၀တ်တွေကိုတော့ ခြောက်ရင် သူကူရုပ်ပေးခဲ့တယ်။ ထမင်းတွေဟင်းတွေတော့ သူမချက်တတ်ဘူး၊ ပုဂံတွေခွက်တွေကိုတော့ သူကူပြီးဝိုင်းဆေးပေးခဲ့တယ်။ ထမင်းဟင်းကျက်လို့ ထမင်းပွဲပြင်တော့မယ်ဆို ထမင်းစားခုံကိုတော့ မရွေ့ပေးနိုင်ပေမဲ့ ပုဂံတွေကို ကူသည်ပေးခဲ့တယ်။ လက်ဆေးခွက်တွေ လက်သုတ်ပုဝါတွေ ချပေးခဲ့တယ်။ အဖေအတွက်နေရာမှာ ဖျာပိုင်းလေးခင်းပေးခဲ့တယ်။ ဟောဒါက အဖေ့နေရာ ဟောဒါက အမေ့နေရာဆိုပြီး အမိုက်တွေ ဖှုန်တွေရှင်းပေးခဲ့တယ် အစ်ကိုကြီးတွေ အစ်မတွေအတွက်လဲ သူသေသေချာချာကို သန့်ရှင်းပေးခဲ့တယ်။ ထမင်းစားတော့မယ်ဆိုလဲ အဖေအမေ အစ်ကိုအစ်မတွေကို ဦးဖယ်ပြီး နောက်ဆုံးကျမှ သူကစားတယ်။ မိန်းခလေးတစ်ယောက်ပီပီ သူဟာ အိနြေ္ဒရရသိက္ခာရှိရှိနဲ့ အစားအသောက်စားတာကမှအစ သိမ်သိမ်မွေ့မွေ့နဲ့ စားသောက်ခဲ့ရတယ်။ သူရဲ့ပြောပုံဆိုပုံနေထိုင်ပုံတွေဟာ မိသားစုကို ဂုဏ်တတ်စေနိုင်သလို သူ့ကြောင့် မိသားစုသိက္ခာလဲ ကျနိုင်တယ်ဆိုတဲ့အသိဟာ သူ့ကို သွားတာလာတာနေတာထိုင်တာကစ အရာအားလုံးမှာ စစ်ခရာသံလိုပဲ  အမြဲသတိပေးနေပါတယ်။ ထမင်းစားပြီးတော့လဲ ကိုယ်က အရင်ဆုံးစားလို့ပြီးစေဦးတော့ မိဘတွေအစ်ကိုတွေအစ်မတွေမောင်တွေအကုန်လုံး စားလို့ပြီးအောင် လက်မှာကပ်နေတဲ့ထမင်းလုံး ချောက်ကပ်တဲ့အထိ စောင့်ပြီးမှ ထမင်းပုဂံတွေ ဟင်းပုဂံတွေကို ဆေးကြောသိမ်းဆည်းရတယ်။ တစ်ခါတစ်လေ မောင်ငယ်တွေက အလိုက်သိလို့ ၀ိုင်းကူပြီးထမင်းစားခုံသိမ်းပေးရင်တော့ တော်သေးတယ်။ အဲလိုမှမဟုတ်ရင်တော့ ထမင်းစားခုံးအလေးကြီးကို မနိုင်တနိုင် အတင်းမပြီး သိမ်းရပြန်တယ်။
ကောင်မလေးသည် ဆက်ပြီးတော့ အတွေးနယ်ထဲ စီးမြောနေမိပြန်သည်။ မိသားစုအရေးအတွက် သူတကယ်ပဲ ရတတ်မအေးဖြစ်နေသည်။ မိသားစုအတွက် သူလုပ်ပေးနိုင်သလောက် တတ်နိုင်သလောက်လုပ်ပေးခဲ့တယ်။ နောက်လဲဆက်ပြီးလုပ်နေဦးမှာပဲ၊ မိသားစုဝင်တွေကော ပြင်ပကသူတွေကော မည်သူတွေက မတူသောရည်ရွယ်ချက်တွေနဲ့ ဘယ်လိုပဲတားတား ဘယ်လိုပဲနှောက်ယှက်နှောက်ယှက် ဘယ်လိုပဲသူ့ကို လှောင်ပြောင်ပြောင် သူကတော့ မိသားစုအရေးကိစ္စအတွက်ဆိုရင် အစ်ကိုတွေမောင်တွေထက်ကိုပိုပြီးတော့ အားတတ်တရောဖြစ်နေမိသည်။ ဒါပေမဲ့ သူ့မှာ ဒါကိုငါလုပ်ခဲ့တယ် ငါလုပ်နေတယ် ငါ့ကြောင့်ဒီလိုဖြစ်လာတာ ငါ့ကဘယ်လိုပေးဆပ်ခဲ့တာဆိုတဲ့ ကိုယ်ရည်သွေးပြောလိုစိတ် ငါ့အတွက် ဘာရစေရမယ် ငါဘာကြီးဖြစ်ရမယ်ဆိုတဲ့စိတ်မျိုး လုံးလုံးမရှိခဲ့ဘူး။ သူဖြစ်စေချင်တာ တစ်ခုထဲရှိတယ် အဲဒါက မိဘတွေမရှိတော့တဲ့နောက်ပိုင်း မိသားစုဝင်ညီကိုမောင်နှမတွေ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ ကျရောက်ဆဲကျရောက်လာမဲ့ ဘေးအန္တရယ်တွေကို စုပေါင်းကာကွယ်ကြဖို့နှင့် မိမိတို့ရဲ့ကြီးပွားတိုးတတ်ရေးကို အတူတကစည်းစည်းလုံလုံးဆောင်ရွက်ကြဖို့ပါပဲ။ ကောင်မလေးသည် တစ်ခါတုန်းက အပြင်ကဘေးလူတွေ သူ့ကို ဘယ်လိုပဲဝိုင်းပြီးပြောင်လှောင်ကြ နှိပ်စက်စော်ကားကြ လူ့သမိုင်းတစ်လျှောက် အဆိုးဆုံးသောနည်းတွေနဲ့နှိပ်စက်ခဲ့ကြ သူ့ဘ၀ရဲ့တန်ဖိုးအထားဆုံးသော အရာတွေကိုတောင်မှ စွန့်လွတ်ခဲ့ရ မိသားစုထဲမှာ တစ်ခါတုန်းကအချစ်ဆုံးမို့အမြင့်ဆုံတင်ပြီး ဂရုတစိုက်ဆက်ဆံခံခဲ့ရသော်ငြားလည်း အအောက်ကျဆုံးအယုတ်နိမ့်ဆုံးသောအလုပ်တွေကို အဆိုးဝါးဆုံးစကား အယုတ်ညံဆုံးစကားတွေနဲ့ ခိုင်းနှိုင်းထိုးနှပ်ပြီးအခိုင်းခံခဲ့ရ နောက်ဆုံး သူ့မိသားစု ဂုဏ်ရောင်ပြောင်တဲ့တစ်နေ့ ကြီးပွားတိုးတတ်ပြီး အများကပင်ငေးကြည့်ရတဲ့မိသားစုဖြစ်လာတဲ့တစ်နေ့မှာတောင်မှ ဒီလိုဖြစ်လာခဲ့တာဟာ သူ့အစ်ကိုတွေအစ်မတွေမောင်တွေကြောင့်လို့သာဟု   ပြောနေကြသော်လည်း မိသားစုဝင်တွေပျော်နေကြတာတစ်ခုထဲနဲ့ သူအကျေနပ်ကြီးကျေနပ်မိနေသည်။ မိသားစုဝင်တွေ ပျော်နေကြရင် သူ့အတွက်ပြည့်စုံပါပြီ။  
သူ့ရဲ့အခက်အကျပ်တည်းတွေကြား မိသားစုရဲ့အကျပ်တည်းအခက်ခဲတွေကြားမှာ မိသားစုဝင်တွေဖြစ်ကြတဲ့ အစ်ကိုအစ်မမောင်ဘွားတွေက သူ့ကို လူရာမသွင်း သူ့စကားတွေကို လှောင်ပြောင်ဆက်ဆံကြယုံမျှမက အများကိုပင်နှိပ်စက်ချင်သလို နှိပ်စက်ခွင့်ပေးခဲ့ကြသည်။ နောက်ဆုံး အခက်အခဲအကျပ်တည်း အရှုပ်ထွေးတွေကြားမှာ ဇဝေဇ၀ါယောင်ယောင်မှားမှား အတွေးခေါ်တွေကြောင့် သူချစ်လှပါရဲ့ဆိုတဲ့ မိသားစုဝင် အစ်ကိုအစ်မမောင်ဘွားတွေကိုယ်တိုင်က နှိပ်စက်နည်းစုံးနဲ့နှိပ်စက်ကြတာကို ခံခဲ့၇ပြန်တယ်။ သူ့အစ်ကိုအစ်မမောင်ဘွားတွေဟာ အခြေနေအရ မလွဲသာမရှောင်သာလို့သာ သူ့အပေါ်မှာ ဒီလောက်လုပ်ရက်ကြတာဖြစ်မှာပါဟုသာ  သူတွေးသည်။ ဘယ်တုန်းကမှလဲ သူ့မိသားစုဝင်တွေကို ဗွေမယူခဲ့သလို သူ့ရဲ့မိသားစုပေါ်ထားတဲ့အချစ်တွေဟာလဲ ဘယ်တော့မှ လျှော့သွားပျောက်သွားမှာမဟုတ်ပါဘူး။
ထိုအချိန်ကာလများသည် ကောင်းမလေးအတွက် ဘယ်လောက်ခက်ခဲ ကြမ်းတမ်းလိုက်မလဲဆိုတာ တွေးကြည့်နိုင်ကြမည်ဟုထင်ပါသည်။ အမြင်မတူကြလို့ပင်ဖြစ်စေ မုန်းလို့ပင်ဖြစ်စေ ကိုယ်သိပ်ချစ်ရတဲ့ ဆွေးမျိုးသားချင်းကိုယ်တိုင်က တစ်ချက်ရိုက်တာဟာ  တစိမ်းတရံဆယ်ချက်ရိုက်တာထက်ပိုနာလိမ့်မည်ဆိုတာကို သိကြမှာပါ။ နောက်ဆုံးတော့ ကောင်မလေးသည် အဝေးကနေ အားရကျေနပ်သော ပီတိအပြုံးများနဲ့ စည်ပင်သာယာဖွဲ့ဖြိုးတိုးတတ်ကြီးပွားပြီး လူ့တန်ဖိုး လူ့ဂုဏ်သိက္ခာနဲ့အညီ အများက အထင်ကြီးလေးစားရတဲ့မိသားစုတစ်ခုကို မြင်ယောင်ငေးကြည့်နေမိသည်။ အိုလောကရယ် တကယ်တော့ ထိုကြီးပွားတိုးတတ်ခြင်းတွေ စည်ပင်ဖွဲ့ဖြိုးခြင်းတွေ လူ့အောက်မကျပဲလူ့တန်ဖိုးနဲ့အညီ နေထိုင်နိုင်ခြင်းဆိုတဲ့လူ့ဂုဏ်သိက္ခာတွေဟာ  လူသားတိုင်းကိုယ်ဆီရသင့်တဲ့အရာတွေပါဟု တစ်ယောက်ထဲပြောနေမိပြန်သည်၊ လူသားတိုင်း သူတို့ပြောဆိုလုပ်ကိုင် သင်ကြားတွေးခေါ်လိုက်လို့ အများကိုမထိခိုက်စေဘူး မနင့်နာစေဘူးဆိုရင် နောက်ပြီးအဖွဲ့စည်းတစ်ခု အများပြောနေကြစကားနဲ့ပြောရရင်နိုင်ငံတစ်ခုရဲ့ဥပဒေကို အချိုးဖောက်မကျူးလွန်ဘူးဆိုရင် သူတို့ပြောချင်တာ လုပ်ချင်တာ သင်ချင်တာ တွေးချင်တာကို လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်သင်ကြားတွေးခေါ်ခွင့် ပြုသင့်ပါတယ်။ ဘာကြောင့်လို့ဆိုရင် အဲဒါက လူသားတိုင်းရဲ့မွေးရာပါ အခွင့်ရေးတွေဖြစ်နေလို့ပါပဲ။ ဒါကြောင့် မနေ့က မရခဲ့လို့ ဒီနေ့တောင်းဆိုနေကြသည်။ ဒီနေ့မရင် မနက်ဖြန်တောင်းဆိုနေကြပေလိမ့်မည်။ မရမချင်းကို တောင်းဆိုနေကြပေလိမ့်မည်။ ထိုကြောင့် ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါသည်။ ကောင်မလေးအတွက်ကတော့ ဘာမှလိုပါ။ သူ့မိသားစုဝင်တွေအားလုံး ကျန်းမာပျော်ရွှင်စွာနဲ့ လူတန်းစေ့နေနိုင်ကြပြီး ကမ္ဘာလောကကြီးကောင်းကျိုး လူသားတွေရဲ့ကောင်းကျိုးကို ပါဝင်ဆောင်ရွက်နိုင်နေကြရင်း မိသားစုဂုဏ်သိက္ခာကိုမြင့်တင်နေနိုင်ကြပြီဆိုတာနဲ့ ကျေနပ်နိုင်ပါပြီ။ 

(စာရေးသူသည် မိန်းမပျိုလေးတစ်ယောက်နေရာမျိုးကို အမှန်ပင်ခံစားရေးဖွဲ့နိုင်စွမ်းမရှိပါ၊ ဤဆောင်းပါးပါ မိန်းမပျိုလေး မိသားစု မိသားစုဝင်-ဆိုသောစကားသုံးလုံးကို အခြားနာမ်စားတစ်ခုဆီနှင့် အစားထိုးပြီး ခံစားရေးသားထားခြင်းဖြစ်ပါသည်။)
သင်ကြားစတစ်ယောက်မို့ မည်သည့်မည်သို့သင်ကြားပြသမှုကိုမဆို လေးစားကြည်ဖြူစွာ အစဉ်အမြဲခံယူလျက် . . . . စောထွန်းဦး ၂၂-၅-၂၀၁၂

No comments:

Post a Comment