Monday, 21 May 2012

လွမ်းဘွယ့်ငယ်ဘဝ



ကျွန်တော်တို့ငယ်စဉ် ဘုန်းကြီးကျောင်းသာဘ၀က အဖြစ်ပျက်လေးကို ပြန်ပြီးဝေငှချင်ပါတယ်။ ထိုနေ့က ကျွန်တော်တို့ကျောင်းသားတွေက ဆွမ်းစားကျောင်းစင်္ကြံတွင် လက်အုပ်လေးတွေချီ စောင့်ကြောင့်ကလေးတွေထိုင်ရင်း ဆွမ်းစားနေကြသောဘုန်းကြီးတွေ ဘာလိုလဲ ဘာခိုင်းမလဲဆိုတာကို ဂရုတစိုက်ကြည့်နေကြရတယ်။ ဘုန်းကြီးတွေဆွမ်းဘုန်းပေးနေစဉ် ဆွမ်းဝိုင်းဘေးနားတွင် ကျောင်းသားကြီးတစ်ချို့က ဆွမ်းလိုလျှင် ဆွမ်းလိုက်ပေး ဟင်းချိုလိုလျှင် ဟင်းလိုက်ပေးလျက်ရှိနေကြသည်။ တစ်ချို့ဆွမ်းစားပြီးသော ဦးဇင်းများ၏ဆွမ်းစားပုဂံများကို ကျောင်းသားငယ်လေးတွေက တစ်ယောက်တစ်လှည့် ပြေးယူပြီးဆေးကြောသိမ်းဆည်းပေးလျက်ရှိကြသည်။  ထိုအချိန်တွင် ပဲခူးကဟုဆိုသော အဒေါ်ကြီးတစ်ယောက်သည် ကျွန်တော်တို့အရွယ်ခန့်ရှိတဲ့ကောင်မလေးတစ်ယောက်နဲ့ သွားတတ်စကားပြောတတ်စအရွယ် ကောင်လေးတစ်ယောက်ကို လက်ဆွဲပြီး ဆွမ်းစားကျောင်းပေါ်သို့တတ်လာသည်။ ဘုရားရှိခိုးပြီးတော့ ဆွမ်းစားနေကြသော ဘုန်းကြီးများကို ရှိခိုးနေကြလေသည်။ ပြီးတော့ဘုန်းကြီးကမေးလိုက် သူတို့က ပြန်ဖြေလိုက်နဲ့ တစ်ခါတစ်လေ အဒေါ်ကြီးခမျာ ဘုန်းကြီးကို ပြန်လျှောက်ရင်းက မျက်ရည်လေးတွေ ၀ဲဝဲလာတယ်။ သူက ဘုန်းကြီးကို ပြန်လျှောက်ပြလိုက် မျက်ရည်လေးတွေသုတ်လိုက်လုပ်ရင်းက သူ့ကလေးတွေကိုလဲ ပြန်ကြည့်ပြီး ချော့မော့နေပြန်သည်။ ကျွန်တော်တို့ကျောင်းသားငယ်တွေက ဘာမှမသိသောသူများပီပီ အဒေါ်ကြီးနှင့် သူမ၏ကလေးတွေကိုသာ ငေးကြည့်နေကြသည်။
ဘုန်းကြီးက ကျောင်းသားကြီးများကို ထိုအဒေါ်ကြီးတို့သားအမိအတွက် ထမင်းဝိုင်းပြင်ပေးရန် မိန့်ကြားသည်။ ကျောင်သားကြီးတွေကလဲ ထမင်းစားခုံချ စားပွဲခင်းခင်းပြီး ထမင်းဟင်းများတည်ခင်းနေကြသည်။ ကျွန်တော်က ဘေးကကျောင်းသားတစ်ယောက်ကို သူတို့က ဘယ်ကတုန်း ဘာလာလုပ်ကြတာတုန်းဟု မေးကြည့်တော့ အဲဒီကျောင်းသာက ပဲခူးကလို့ပြောတယ် သူတောင်းစားတွေတဲ့၊ သူတောင်းစားဆိုတာ စာထဲမှာသာ ကျွန်တော်တို့ကြားဖူးကြသည်။ အပြင်မှာ ဘယ်သူမှ မမြင်ဖူးကြ။ ကျောင်းသားတွေအာလုံးက ထိုမိသားစုကို အထူးအဆန်းအဖြစ်နဲ့ငေးကြည့်နေကြသည်။ သူတောင်းစားဆိုသောစကားလုံးကြောင့်ထင်တယ် ကျောင်းသားအားလုံးတို့သည် ထိုမိသားစုကို သိချင်စောနဲ့ တအံ့တသြကြည့်နေကြသည်။
ထိုအဒေါ်ကြီးတို့မိသားစုသည် အားပါးတရ ထမင်းစားကြသည်။ ကျွန်တော်တို့ကျောင်းသားတစ်စုလဲ ထမင်းစားနေကြရင်းက သူတောင်းစားဆိုတာကို ကျောင်းသားကြီးတွေကို မေးလိုက် အဒေါ်ကြီးတို့မိသားစုကို ကြည့်လိုက်နဲ့လုပ်နေကြသည်။ ကျောင်းသားတစ်ယောက်က သူတို့က လိုက်တောင်းပြီးစားရတာဆိုတော့ သိပ်သနားစရာကောင်းမှာပဲနော်လို့ စလိုက်တော့ ကျန်တဲ့ကျောင်းသားတွေကလဲ အေးဟုတ်တယ် တော်တော်သနားစရာကောင်းတယ်။ နောက်တော့ ကျွန်တော်တို့ကျောင်းသားတစ်စုသည် အတွေးကိုယ်စီနဲ့ တိတ်ဆိတ်သွားပြီး ထမင်းတောင်မှစားလို့ ဘယ်လိုပြီးသွားမှန်းမသိတော့ဘူး။ ထမင်းစားပြီးလို့ သိမ်းဆည်းစရာရှိတာကို သိမ်းဆည်းကြသည်။ ထိုအချိန်တွင် အဒေါ်ကြီးတို့မိသားစုလဲ ထမင်းစားပြီးလို့ ဘုရားရှိခိုးပြီး ကျောင်းလှေခါးနားက အရိပ်အောက်တွင် ထိုင်နေကြသည်။ ဘုန်းတော်ကြီးတွေကတော့ ဆွမ်းစားပြီးတော့ ကိုယ့်ကျောင်းဆောင်အသီးသီးသို့ ပြန်ကြွကုန်ပြီ၊ ထုံးစံအတိုင်း ကျွန်တော်တို့ကျောင်းသားတွေအတွက် ဝေပုံကျရသော မုန်းလေးတွေကိုကိုင်ရင်း အဒေါ်ကြီးတို့မိသားစုရှိရာကိုသွားကြသည်။ ကျောင်းသားတစ်ချို့ကလဲ စူးစမ်းလိုစိတ်ဖြင့် မေးကြမြန်းကြသည်၊ အဒေါ်တို့ဘယ်ပြန်ကြရမှာလဲ အခုနေပူနေသေးတယ် ညနေကျမှ ပြန်ကြပါ။ ဟောဟို ကျောင်းကြီးအောက်မှာ အေးတယ် အဲဒီမှာ သွားအိပ်လို့ရတယ်ပြောကြသည်။ တစ်ချို့ကျောင်းသားလေးတွေကလဲ သူတို့ရထားတဲ့ ဝေပုံကျမုန့်လေးတွေကို ကောင်မလေးနဲ့ကောင်လေးကိုပေးကြနဲ့ ပြီးတော့ အားလုံးသောကျောင်းသားတွေဟာ သူတို့တစ်ခါမှမမြင်ဘူးသော သူတောင်းစားဆိုသော ထိုအဒေါ်ကြီးတို့မိသားစုကို အရမ်းလဲသနားကြ။ ပြီးတော့လဲ နောက်လဲလာခဲ့ဖို့ပြောကြသည်။ အဒေါ်ကြီးသည် ခတ္တခဏထိုင်နားပြီးတော့ ကျွန်တော်တို့ကျောင်းသားတစ်စုကို ငေးကြည့်ရင်း သူ့သားနဲ့သမီးကို လက်ဆွဲပြီး ကျောင်းပေါ်က ဘုရားစဉ်ရှိရာကို လှမ်းကန်တော့နေသည်။ ပြီးတော့ကျွန်တော်တို့ကျောင်းသားတစုကို ပြန်ငေးကြည့်ရင်း ကျောင်းကြီးဆီသို့ ဘုန်းကြီးကိုမှန်းမျှော်ကန်တော့သည်ကဲသို့ လက်အုပ်ချီပြီး ကျောင်းမုဒ်ဦးဆီသို့ပြန်သွားလေတော့သည်။ ကောင်မလေးနဲ့ကောင်းလေးလည်း ကျွန်တော်တို့ကျောင်းသားတွေကို ငေးစောင်းကြည့်ရင်းကနေ သူတို့အမေခေါ်ရာသို့ လိုက်သွားလေတော့သည်။ ကျွန်တော်တို့ကျောင်းသားတစ်စုကတော့ ဘာမှန်းမသိသော ခံစားမှုမျိုးစုံနဲ့ စာသင်တုန်းက ဘုန်းကြီးပြောပြလို့သာကြားဖူးတဲ့ သူတောင်းစားဆိုတာကို နောက်နေ့တွေများ လာဦးမလားလို့ မျှော်တွေးရင်း ဆွမ်းစားချိန်ရောက်တိုင်း အဒေါ်ကြီးတို့မိသားစုပြန်သွားတဲ့အရပ်ကို ငေးကြည့်မိကြသည်။
(ပဲခူးမြို့ကနေ ဆယ်မိနစ်ခန့်လမ်းလျှောက်ရင် ရောက်တဲ့ကျွန်တော့်ဇာတိရွာလေးမှာ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်က အလည်ရောက်လာခဲ့သော အဒေါ်ကြီးတို့မိသားနှင့်ပတ်သက်၍ ထိုအချိန်က ခံစားခဲ့ရသော အသိခံစားမှုများဖြင့် တင်ဆက်ခြင်းဖြစ်ပါသည်)
စောထွန်းဦး